





မန်ချက်စတာယူနိုက်တတ်တိုက်စစ်မှူးရော်နယ်ဒိုကို ပင်နယ်တီကန်ဖို့ အက်စ်တွန်ဗီလာဂိုးသမား မာတီနက်ဇ် စိန်ခေါ်ခဲ့တဲ့ မှတ်တမ်းဗွီဒီယိုဖိုင်တစ်ခု အွန်လိုင်းမှာရေပန်းစားနေပါတယ်။ အဲဒီပွဲမှာ ဗီလာဟာ ၈၈ မိနစ်အရောက် ကော့နေးဟော့စ်ရဲ့ခေါင်းတိုင်ဂိုးနဲ့ ဦးဆောင်ခွင့်ရပေမယ့် နာကျင်အချိန်ပိုမှာ

ပင်နယ်တီပြန်ပေးခဲ့ရပါတယ်။ ကော့နေးဟော့စ်ပဲ လက်ထိဘောဖြစ်ခဲ့တာကြောင့် ပေးခဲ့ရတာပါ။ ဗီလာကစားသမားတွေဟာ ပွဲကလည်း ပြီးတော့မှာမို့ ဒိုင်ကိုစောဒကတက်သူတက်၊ ပင်နယ်တီကန်ဖို့ပြင်နေတဲ့ ဘရူနိုဖာနန်ဒက်စ်နားမှာ ဝိုင်းလိုဝိုင်းနဲ့ ယောက်ယက်ခတ်သွားခဲ့ကြပါတယ်။

အဲဒီအချိန်မှာ ဘရူနိုအစား မင်းကန်ပါလားဆိုတဲ့အထာနဲ့ ရော်နယ်ဒိုကို မာတီနက်ဇ်က စိန်ခေါ်ခဲ့တာပါ။ ဒါပေမဲ့ ပေါ်တူဂီကြယ်ပွင့်ကတော့ မကန်ခဲ့ပါဘူး။ ကံမကောင်းတာက ၂၀၁၉-၂၀၂၀ ဆောင်းဈေးကွက်မှာ မန်ယူကိုရောက်လာတဲ့နောက်ပိုင်း ပင်နယ်တီတွေဒိုင်ခံကန်သွင်းပေးခဲ့တဲ့ ဘရူနိုရဲ့ကန်ချက်ဟာ ဂိုးဘားတန်းပေါ်ကျော်ထွက်သွားခဲ့တာပါပဲ။

ဗီလာပရိသတ်အချို့က ပေါ်တူဂီကွင်းလယ်လူကို လှောင်ပြောင်ခဲ့ကြသလို အာဆင်နယ်ဂိုးသမားဟောင်းကလည်း မန်ယူပရိသတ်တွေရှေ့မှာ ခဏတာကပြီး အောင်ပွဲခံသွားပါသေးတယ်။ ဒီ အာဂျင်တီးနားဂိုးသမားကလည်း ခေသူတော့မဟုတ်ပါဘူး။ ဒီနှစ်အစောပိုင်းက ကိုလံဘီယာကို ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ရတဲ့ ကိုပါအမေရိကဆီမီးပွဲစဉ်မှာ ပြိုင်ဘက်ကစားသမားမီနာကို

“ မင်း စိတ်ပူနေတာ ငါသိပါတယ်။ မင်း ဘယ်ဘက်ကို ကန်မှာလဲဆိုတာ ငါသိတယ်လေ။ ငါ မင်းကို ဘယ်လိုစားမလဲဆိုတာ ကြည့်လိုက် ” လို့ စိတ်ဓာတ်စစ်ဆင်ရေး လုပ်ခဲ့ဖူးသူပါ။ မာတီနက်ဇ်ဟာ တကယ်လည်း ကိုလံဘီယာနောက်ခံလူရဲ့ ပင်နယ်တီကန်ချက်ကို ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုအတွက်တော့ သူ့ရဲ့မန်ယူတကျော့ပြန်ခရီးမှာ ပထမဆုံး အကြိမ် ဂိုးမသွင်းနိုင်တဲ့ပွဲ ဖြစ်ခဲ့ရတာပါ။






Credit: Soccer Predictions